Local News

ဈေးငြိမ်နေတဲ့ မတ်ပဲ

Last Updated:

ဧရာဝတီမတ်ပဲဟာ တစ်တင်းဈေးနှုန်းကျပ် ၆၇၀၀၀ ကနေ ဒီလ စက်တင်ဘာလ ၁ ရက်နေ့ ဒေါ်လာဈေးအနည်းငယ်ပြန်အကျမှာ မတ်ပဲဝေးလည်းပြန်ကျသွားပြီး နောက်ပိုင်းရက်တွေမှာတော့ ကျလိုက်တက်လိုက် ပုံမှန်လိုဖြစ်နေခဲ့ပါတယ်။

ယခင်သီတင်းပါတ်တစ်ပတ်လုံး မတ်ပဲဈေးနှုန်းတွေကတော့ စက်တင်ဘာလ ၃ ရက်နေ့မှာ တစ်တင်းလျှင်ကျပ် ၆၇၀၀၀ ပြန်ဖြစ်လာတာတွေ့ရပါတယ်။ ဆက်လက်ပြီး စက်တင်ဘာ ၄ ရက်နေ့ နဲ့ ၅ ရက်နေ့မှာ ကျပ် ၆၅၅၀၀/၆၅၇၀၀ ပြန်ဆင်းသွားပါတယ်။ ၆ ရက်နေ့မှာ ကျပ် ၆၄၅၀၀၊ ၇ ရက် နေ့မှာ ကျပ် ၆၅၃၀၀၊ ၈ ရက်နေ့မှာ ကျပ် ၆၆၃၀၀၊ ၉ ရက်နေ့မှာ ကျပ် ၆၆၆၀၀ အသီးသီး ဖြစ်ပါတယ်။

မတ်ပဲတင်ပို့မှုနဲ့ ရောင်းလိုအားဝယ်လိုအားတွေ ပုံမှန်အတိုင်းရှိနေပြီး မတ်ပဲဈေးဟာ နေ့စဉ် ငွေေကြေးဈေးနှုန်းပေါ်အဓိကမူတည်ပြောင်းလဲနေတာတွေ့ရပါတယ်။ 

အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မတ်ပဲအဓိကဝယ်လက်နိုင်ငံကတော့ မတ်ပဲစိုက်ပျိုးရာသီမှာရော ယခု ရိတ်သိမ်းရာသီမှာရော မိုးများနေလို့ အထွက်နှုန်းကျသလိုလို သတင်း video တွေမှာဖော်ပြနေပေ မယ့် ဈေးကွက်ထဲကိုတော့ နေ့စဥ်မတ်ပဲအသစ်တွေဝင်နေတယ်လို့ လေ့လာသူတွေကပြောပါတယ်။ ဒါကြောင့် အိန္ဒိယရဲ့ ပြည်တွင်းမတ်ပဲဈေးဟာလည်း အကျဘက်မှာရှိနေပါတယ်။ သို့သော်လည်း မတ်ပဲရဲ့နှစ်စဉ်ဖြစ်နေကျအခြေအနေကတော့ ပြောင်းလဲမှာမဟုတ်ဘူးလို့ဆိုကြပါတယ်။

ပဲလိုအပ်ချက်များတဲ့နိုင်ငံဖြစ်တဲ့အတွက် မြန်မာမတ်ပဲ၊ ပဲစဉ်းငုံကို ဆက်လက်ဝယ်ယူ တင်သွင်းနေရမှာဖြစ်ပါတယ်။ မြန်မာမတ်ပဲရဲ့ဈေးနှုန်းကတော့ ပြည်ပအဝယ်နဲ့ ဝယ်လက်နိုင်ငံရဲ့ မူဝါဒတွေအပေါ်မှာ မူတည်နေရာကနေ ယခုကာလမှာတော့ ပြည်တွင်းငွေကြေး ဈေးနှုန်းပေါ်မှာ လည်း မူတည်နေတာဖြစ်လို့ ဈေးတက်လာနိုင်ဦးမယ်လို့ ခန့်မှန်းထားကြပေမယ့် ရေရှည်ခန့်မှန်း ချက်တွေတော့ မလုပ်နိုင်ကြသေးပါ။

နောင်လာမယ့်ပဲစိုက်ရာသီမှာလည်း မျိုးနဲ့သွင်းအားစုတွေရဲ့ဈေးနှုန်း၊ သယ်ယူပို့ဆောင် စရိတ်စကတွေမြင့်မားနေတာကြောင့် ပဲစိုက်ဧရိယာနဲ့ ပဲအထွက်နှုန်းတွေလျော့ကျနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ပဲဟောင်းလက်ကျန်ရှိခဲ့လျှင်လည်း ရှိသလောက်တင်ပို့ရောင်းချနေရမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မတ်ပဲဈေးနှုန်းများ တက်ရိပ်ပြလာလိုက် ၊ ဈေးပြန်ဆင်းသွားလိုက်ဖြစ်နေပြီး ဈေးတန်းတစ်ခုအတွင်းမှာပဲတည်ငြိမ်လျှက်ရှိကြောင်းသိရှိရပါတယ်။

 

Category: Local News